ဂန့်ဂေါ ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၈ ရက် နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးဝန်ထမ်းများ၏ လုံခြုံရေးနှင့် ဌာနဆိုင်ရာရုံးများ၏ လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ရန်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့လုံခြုံရေးအတွက် ဆိုင်ကယ်တစ်စီးလျှင် ယောကျာ်းလေး ၂ ယောက်စီးခြင်းကိုစစ်ဆေးရန်နှင့် ဆိုင်ကယ်တူးဘောက်များ စစ်ဆေးခြင်းကို ၁ ပတ်လျှင် ၂ ကြိမ်စစ်ဆေးရန်၊ မိုးဦးကာလ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်ကျန်းမာရေးဦးစီးဌာနအနေဖြင့် အဘိတ်ဆေးခတ်ခြင်းများကို စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များသို့ အလှည့်ကျစနစ်ဖြင့် ဆေးခတ်ရန်လိုကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ရန်၊ လျှပ်စစ်ဌာနအနေဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လျှပ်စစ်ကြိုးများ သစ်ပင်သစ်ကိုင်းများနှင့်မလွတ်ကင်းပါက ရပ်ကွက် တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ သစ်ကိုင်းကိုရှင်းလင်းကြရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)