သဲကုန်း ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ငှက်ပျောပင်မှ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း သင်တန်းဆင်းပွဲကို ဇွန်လ ၂၉ ရက် နံနက် ၁၀ နာရီတွင် အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ နတ်တလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးလွင်စိုးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် သင်တန်း၏အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးမှ သင်တန်းဆင်း အကြံပြုစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူကြပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းမှထွက်ကုန်ပစ္စည်းများအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူစုစုပေါင်း ၂၁ ဦးတက်ရောက်ပြီး ဇွန်လ ၂၀ ရက်မှ ၂၉ ရက်အထိ (၁၀)ရက်ကြာ အခမဲ့စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ကိုကျော်(ပြန်/ဆက်)