ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ စတင်ရိတ်သိမ်းလျက်ရှိပြီး ယခင်နှစ်ကထက် နှမ်းဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ ဇွန် ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေနှမ်းစိုက်ခင်းများတွင် မိုးသီးနှံပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်းနေကြပြီဖြစ်ကြောင်းသိရပြီး ပေါ်ဦးပေါ်ဖျား နှမ်းဈေးနှုန်းမှာလည်း ယခင်နှစ်ကထက် ဈေးကောင်းရရှိသဖြင့် သီးနှံဝင်ငွေအကျိုးအမြတ်ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ နွေနှမ်းစိုက်ပျိုးသည့် ဒေသခံတောင်သူများထံမှ သိရသည်။ 

"ကျွန်တော်တို့ ဒေသမှာ မဲဇလီရေလွှဲဆည်ရေနဲ့ စိုက်ပျိုးထားရှိတဲ့ နွေနှမ်းစိုက်ခင်းတွေဟာ စိုက်ပျိုးရေလုံလောက်စွာ ရရှိတဲ့အတွက် အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်လို့ တောင်သူတွေက စတင်ရိတ်သိမ်းနေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်က နွေနှမ်းသီးနှံကို တောင်သူတွေ အားထား စိုက်ပျိုးခဲ့ကြပေမယ့် မိုခါမုန်တိုင်းမိုးကြောင့် နှမ်းစိုက်ခင်း‌တွေ ရေဝင်နစ်မြုပ်ခဲ့လို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေလဲများတယ်။ ရေဝင်နစ်မြုပ်မှုမရှိတဲ့ နှမ်းခင်းတွေကတော့ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်ဗျ။ ခုဆိုရင် တောင်သူတွေက နွေနှမ်းစိုက်ခင်းတွေ အသီးများရင့်မှည့်လာပြီဖြစ်လို့ နွေနှမ်းစိုက်ခင်းများမှာ မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေ့စားအလုပ်သမားတွေကို ငှားရမ်းပြီး ရိတ်သိမ်းနေကြပြီ။ သီးနှံအထွက်နှုန်းအနေနဲ့ကတော့ တစ်ဧကကို ပျမ်းမျှ (၁၀)တင်းလောက်တော့ ထွက်ရှိပါတယ်။ တစ်ချို့လဲ တစ်ဧကကို (၁၀)တင်းအထက် ထွက်ရှိကြတယ်။ ကျွန်တော်တို့ဒေသမှာ အများဆုံးစိုက်ပျိုးတဲ့ နွေနှမ်းကတော့ နှမ်းဖြူ၊ စမုံနက်၊ သိပ္ပံနှမ်းနက်နဲ့ ဆင်းရတနာ - ၄ နှမ်းမျိုးတွေကို စိုက်ပျိုးကြပါတယ်။ နောက်ပြီး နှမ်းဈေးကလဲ ဒီနှစ် ပေါ်ဦးပေါ်ဖျား ဈေးပိုကောင်းတယ်ဗျ။ နှမ်းဖြူတစ်တင်းကို ငွေကျပ် ၁၂၀၀၀၀၊ စမုံနက်နှမ်းတစ်တင်းကို ငွေကျပ် ၁၁၅၀၀၀ အထိ အရောင်းအဝယ်ရှိနေပါတယ်။ ကျွန်တော်တို့ဒေသက တောင်သူတွေဟာ ဒေသတွင်း စားသုံးဆီ ဖူလုံစေရေး အထောက်အကူပြုစေရန် ရည်ရွယ်ပြီးတော့ နွေသီးနှံစိုက်ပျိုးရာသီမှာ နှစ်စဉ် မဲဇလီရေလွှဲဆည်ရေနဲ့ နွေနှမ်းကို အဓိကထား စိုက်ပျိုးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃ - ၂၀၂၄ ခုနှစ် ၊ နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး ၂၉၅၄၈ ဧက၊ နွေနှမ်း ၂၇၁၉၃ ဧကနှင့် အခြား နွေသီးနှံ ၃၆၈၇ ဧက၊ စုစုပေါင်း နွေသီးနှံစိုက်ဧက ၆၀၄၂၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ နွေသီးနှံ စိုက်ပျိုးမှုစာရင်းများအရ သိရသည်။ ယခုအခါ ဒေသခံတောင်သူများက မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက်  နွေနှမ်းစိုက်ခင်းများကို ရိတ်သိမ်းခြွေလှေ့လျက်ရှိကြောင်းနှင့် ယနေ့အထိ နွေနှမ်းစိုက်ဧက ၁၁၆၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ ပေါ်ဦးပေါ်ဖျား နှမ်းဈေးနှုန်းမှာလည်း တစ်တင်းလျှင် ငွေကျပ် တစ်သိန်းကျော်အထိ ဈေးကောင်းရရှိနေ၍ ဒေသတွင်းရှိ နှမ်းစိုက်ပျိုးတောင်သူများ သီးနှံဝင်ငွေတိုးပွားကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။    

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )