ငဖဲမြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် (၁၃၆)လုံး ဝင်္ဂဘာကျေးရွာသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ငဖဲ ဇွန် ၂၉

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC)၊ (CSR) ၏ အစီအစဉ်ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပူးပေါင်းဆောင်ရွက်သည့် မင်းလွင်ကျေးရွာအုပ်စု ဝင်္ဂဘာကျေးရွာတွင် ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် (၁၃၆) လုံးကို အိမ်တိုင်ရာရောက်ပြုလုပ်ပေးလျက်ရှိရာ လုပ်ငန်းအားလုံးရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာသို့လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က  ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး ၊မြို့နယ်ဉပဒေအရာရှိ ဦးမျိုးကိုကိုဟိန်း၊ မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းသိန်းနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာအတွင်း ဆောင်ရွက်ပြီးစီးသည့် မိုးရေခံကွန်ကရစ်ကန်များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ကျေးရွာဓမ္မာရုံတွင် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ  မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းသိန်း က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရေတွင်းတူးဖော်၍မရနိုင်သည့် မင်းလွင်ကျေးရွာအုပ်စုမှ ဝင်္ဂဘာကျေးရွာကို ရွေးချယ်ထားပြီး အိမ်တိုင်ရာရောက် ကွန်ကရစ်လောင်း၍ ရေကန်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ပြုလုပ်ပေးရာတွင် ဂါလန် ၂၀၀ဆံ့ ရေကန်အပြင် ရေတံလျှောက်၊ ပိုက်နှင့် ရေကန်အဖုံးဖြင့်ပူးတွဲ၍ အလုံး(၁၀၀)၊ ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC) အစီအစဉ်ဖြင့် ရေကန်အလုံး (၃၀) ၊ ငဖဲမြို့နယ်ဌာနအစီအစဉ်ဖြင့် (၆)လုံး စုစုပေါင်း ရေကန် (၁၃၆)လုံး ကို  မေလ ၂ရက်နေ့မှ စတင်၍ အိမ်တိုင်ရာရောက် အမိုးတံစဉ်းမြတ်အောက်ခြေတွင် လုပ်ငန်းများစတင်ဆောင်ရွက် ပေးခဲ့ရာ ယနေ့တွင် အိမ်ခြေ(၁၃၆)အိမ်အတွက် လုပ်ငန်းအားလုံးပြီးစီးအောင် ဆောင်ရွက်ပေးခဲ့ပြီး  ကျေးရွာပြည်သူများအနေဖြင့် ရေကန်နှင့်ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲရေး စနစ်တကျ အသုံးပြုရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက  ဂါလန် ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန် ဆောင်ရွက်ပြီးစီးသည့် အသိအမှတ်ပြု ကတ်ပြားများကို ပေးအပ်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ လက်ခံရယူခဲ့သည်။

ငဖဲမြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန အနေဖြင့်  ဝင်္ဂဘာကျေးရွာမှ ဒေသခံ ပြည်သူများအတွက် သန့်ရှင်းသည့် သောက်သုံးရေဖူလုံစေရေးနှင့် မိုးရေစုဆောင်း အသုံးချသည့် အလေ့အကျင့်တိုးပွားစေရန်၊ အမှန်တကယ်ရေလုံလောက်မှုမရှိသည့် ကျေးရွာများတွင် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ရေသယံဇာတ လေလွင့်ဆုံးရှုံးမှုမဖြစ်စေဘဲ အကျိုးရှိစေရန်နှင့် မိုးရေစုဆောင်းခြင်းအသိပညာ တိုးပွားလာစေရန် ရည်ရွယ်၍ ဂါလံ ၂၀၀ ဆံ့ကွန်ကရစ် ရေကန်များ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)