စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက် 

မုံရွာ ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ဟောပြောပွဲများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့မှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်သန္တာကျော်က  မိတ်ဆက်စကား ပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ်က ဝန်ကြီးဌာန၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန် များအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးများနှင့်  စားသုံးသူနစ်နာဆုံးရှုံးသဖြင့် တိုင်ကြားမှုများကို လက်ခံညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး  သိရှိလိုသည့် မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် စားသုံးသူရေးရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)