(၁၀၁)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကျင်းပ

ထားဝယ်    ဇွန်  ၂၈

(၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးဇော်မင်းဆွေက သမဝါယမ၏ အနှစ်သာရ၊ ကျင့်ဝတ်နှင့် သမဝါယမအခြေခံမူများကိုရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်၊ မြန်မာ့သမဝါယမမျှော်မှန်းချက်နှင့် ရည်မှန်းချက်များအောင်မြင်ရေးအတွက် သမဝါယမဦးစီးဌာန အဆင့်ဆင့်နှင့် သမဝါယမအသင်း အဆင့်ဆင့်တို့ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်စေရန်၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် သမဝါယမအခန်း ကဏ္ဍမှကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်နိုင်စေရန်၊ သမဝါယမလှုပ်ရှားမှုများနှင့်မူဝါဒ၊ သဘောတရားများကိုပြည်သူများအကြား စိမ့်ဝင်ပျံ့နှံရေးဆောင်ရွက်နိုင်စေရန်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်စေရေးအတွက်သမဝါယမကဏ္ဍ၏ပါဝင် ဆောင်ရွက်မှုကို သမဝါယမ လောကသားများ၊ နိုင်ငံသူနိုင်ငံသားများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် စေရန်စသည့် ရည်မှန်းချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်တက်‌ရောက်လာသူများအား အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားတွင် သမဝါယမဖွံ့ဖြိုးရေး ဆောင်ရွက်မှုများအတွက် ဂုဏ်ပြုဆုရရှိသည့် သမဝါယမအသင်းများ၏ အခြေခံအချက်အလက်နှင့်လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား ပါဝါပိုင့်ဖြင့်ပြသပြီး တာဝန်ရှိသူများက ဂုဏ်ပြုဆုရရှိသည့် သမဝါယမအသင်းများအား ဆုချီးမြှင့်၍ ဂုဏ်ပြုဆုရရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက သမဝါယမဦးစီးဌာနက ခင်းကျင်းပြသထားသော ဆောင်ရွက်ချက်မှတ်တမ်းများအားကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)