ပုသိမ် ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယာဉ်တိုက်မှု၊ ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုနှုန်းများ လျော့နည်းကျဆင်းလာစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက် ရှိသော်လည်း သိသာစွာ လျော့နည်းမှုမရှိသေးပါကြောင်း၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ် ကောလိပ်များဖွင့်သည်နှင့် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ လိုအပ်မှုများ ရှိနေသေးပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ကျေးလက်နေ လူဦးရေများသောကြောင့် ဆိုင်ကယ်အများဆုံး အသုံးပြုလျက်ရှိရာ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးအတွက် ဆိုင်ကယ်စီးဦးထုတ်များကို စနစ်တကျ မေးသိုင်းကြိုး တပ်ဆင်အသုံးပြုစေခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေခြင်း၊ သုံးယောက် စီးနင်းမောင်းနှင်မှု မရှိစေရေးနှင့် အရက်သေစာသောက်စား၍ မောင်းနှင်မရှိစေရေးတို့ကို စတင်ထွက်ခွာသည်နှင့် ကျေးရွာများအလိုက် စနစ်တကျစစ်ဆေးကြပ်မတ် ဆောင်ရွက်ရန် လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများနှင့် ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားမှုများကို သေချာစွာ စစ်ဆေးဖော်ထုတ်ပြီး အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပွားမှုမရှိစေရေး ကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရေး ဆောင်ရွက်ရမည့် နည်းလမ်းများအတိုင်း တိတိကျကျ လိုက်နာ ဆောက်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ ယာဉ်တိုက်မှုဖြစ်စဉ်များ ၅၀ ရာခိုင်နှုန်းလျော့ကျရေးအတွက် များများအသိပညာပေး၊ စစ်ဆေး အရေးယူသွားရန် လိုပါကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးတို့က ၂၀၂၃ခုနှစ်၊ဇန်နဝါရီလမှ မေလအထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရ၊ သေဆုံးမှု အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုအခြေအနေများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။ ယင်းနောက် ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက အထွေထွေ တင်ပြဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)