မိုးညိုမြို့၌ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

မိုးညို ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးအချက်အလက်မှန်ကန်စေရေးနှင့် e-Government အကောင်အထည်ဖော်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝအချက်အလက်(Biometric)ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်နှင့်ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်ထမ်းများအား ဥပဒေနှင့်အညီ အသက်(၁၀)နှင့်အထက် နိုင်ငံသားဖြစ်ခွင့်ရှိသူများကို ဂဏန်း(၁၀)လုံးပါဝင်သည့် UID ကတ်များပြုလုပ်ပေးနိုင်ရေးအတွက် Biometric အချက်အလက် စိစစ်ကောက်ယူခြင်းနှင့် UID နံပါတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူများ၏လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်းစစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်အတွက် ရည်ရွယ်‌ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)