ထားဝယ်မြို့တွင်  ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်း အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပ

ထားဝယ် ဇွန် ၂၈

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အကြိုညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခြင်းဖြင့် ပညာသင်ကြားနေကြသော ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများအနေဖြင့် ငလျင်ဘေး ဖြစ်ပွားလာပါက စနစ်တကျ တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည်ပြီး ငလျင်ဘေးနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များကို သိရှိသွားမှာဖြစ်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်ခန်းအား ဆရာ/ဆရာမများနှင့် ကျောင်းသူ/သားများအား တက်ရောက်ပါဝင်ဆောင်ရွက်ကြရန်နှင့် ထိုသို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ဘေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော စာသင်ကျောင်းတစ်ကျောင်းဖြစ်လာနိုင်ကြောင်း၊ စာသင်ကျောင်းအနေဖြင့်လည်း ဘေးကင်းလုံခြုံမှုကို တိုးမြှင့်နိုင်မှာ ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ခြင်းမှသည် ပြည်သူအားလုံး ဘေးကင်းလုံခြုံမှုဆီသို့ဆောင်ပုဒ်နှင့်အညီ တစ်ဦး တစ်ယောက်ချင်းမှသည် အဆင့်ဆင့်အသိပညာများ လက်ဆင့်ကမ်း  ဖြန့်ဝေသွားနိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးက ငလျင်ဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုအား အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ဆောင်ရွက် တတ်စေရန်၊ ငလျင်ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ် တုံ့ပြန်မှုများအား အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်တတ်စေရန်၊ ငလျင်လှုပ်ပြီးနောက် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများအား သက်ဆိုင်ရာဌာနဆိုင်ရာများ အခြားအဖွဲ့အစည်းများနှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရမည် အချက်များကို သိရှိလိုက်နာတတ်စေရန်၊ ကလေးများကိုယ်တိုင် ဘေးအန္တရာယ် လျော့ချရေး လုပ်ငန်းစဉ်များတွင်  ကိုယ်တိုင်ဦးဆောင်လုပ်ကိုင်တတ်စေရန်နှင့် ဝန်ထမ်းများ စွမ်းဆောင်မြင့်မားလာစေရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့များက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)