ရွှေတောင် ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးခြင်းနှင့် မြက်ချဥ်ဖတ်ပြုလုပ်နည်းသင်တန်းကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ၊ အဖွဲ့ဝင်မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်နွယ်က အဖွင့်အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကိုတစ်ရက်သာဖွင့်လှစ်သွားမည်ဖြစ်ပြီးသင်တန်းသား (၂၀) ဦးတက်ရောက်၍ သင်တန်းမှ နေပီယာမြက်မျိုးများအကြောင်း၊ စိုက်ပျိုးနည်းများ၊ မြက်ချဉ်ဖတ်ပြုလုပ်နည်း အဆင့်ဆင့်၊ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းစသည့် ပို့ချချက်များကို မိမိတို့ နယ်မြေဒေသတွင် ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)