စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ပြည်ထောင်စုဈေးမုခ်ဦးနှင့် ပြည်ထောင်စု လမ်းအမှတ်(၂) နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်ထောင်စုဈေးမုခ်ဦးနှင့် ပြည်ထောင်စုလမ်း အမှတ် (၂) နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် အဆိုပါ ဈေးသစ်ရှေ့တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ကျင်းပပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားသည် ပြည်ထောင်စုဈေးမုခ်ဦးဖွင့်ပွဲနှင့် ပြည်ထောင်စု လမ်း အမှတ်(၂) နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲများ ဖြစ်ပါကြောင်း၊ ယခင်က ပြည်ထောင်စုလမ်းဘေးဝဲ/ယာရှိ ပျံကျဈေးသည်များအား စနစ်ကျသည့် နေရာသစ် တစ်ခုအား ဖန်တီး၍ ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေကောင်းမွန်စေရန်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်ထောင်စုဈေးသစ် အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ၎င်းအပြင် ပြည်ထောင်စုဈေးသစ်၏ တောင်ဘက်ကပ်လျှက်တွင်ရှိသည့် ရေကန်ငယ်ကိုလည်း သာယာလှပ အောင်တူးဖော်ခြင်းလုပ်ငန်းနှင့် ကန်ပတ်လမ်းများဖော်ဆောင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်သူများ အပန်းဖြေ အနား ယူနိုင်ရေးအတွက် ကန်ပတ်လည်သာယာလှပရေးလုပ်ငန်းများနှင့် လျှောက်လမ်းများကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုဈေး သစ်ကြီးသို့ လာရောက်ကြသည့် ပြည်သူများ၊ ဈေးရောင်းချသူများ သွားလာရေးလွယ်ကူစေရန် ပြည်ထောင်စုလမ်းအမှတ်(၂) ကျောက္ကာလမ်းမှ ပြည်ထောင်စု ဈေးအထိ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မုံရွာမြို့၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအပေါ် မူတည်၍ တိုးတက်လာမည့် လူဦးရေ၊ မော်တော်ယာဉ် ကြပ်တည်းမှုများအပေါ်အခြေခံကာ ပြည်သူများ ယာဉ်အန္တရာယ် လုံခြုံစိတ်ချစွာ သွားလာနိုင်စေရန်အတွက် ရည်ရွယ်၍ ယခုပြည်ထောင်စု လမ်းအမှတ်(၂)အား အပိုင်းလိုက် အရေးကြီးသည့်နေရာများအား ဦးစားပေး၍ နိုင်လွန် ကတ္တရာခင်းခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မုံရွာမြို့ကြီးအား ဘက်စုံထောင့်စုံမှ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မြို့နေပြည်သူလူထုအနေဖြင့်လည်း မိမိတို့ကျရာ အခန်းကဏ္ဍမှ မိမိတို့နှင့် အတူ လက်တွဲပူးပေါင်း၍ မြို့သန့်ရှင်းသာယာ လှပစေရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြည်ထောင်စုဈေးမုခ်ဦးနှင့် ပြည်ထောင်စုလမ်းအမှတ်(၂) နိုင်လွန်ကတ္တရာ လမ်းသစ်ခင်းကျင်း ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က ပြည်ထောင်စု လမ်းအမှတ်(၂) နိုင်လွန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်ထောင်စုဈေးမုခ်ဦးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ လမ်းသစ် မုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ပြည်ထောင်စုလမ်းအမှတ် (၂)နိုင်လွန် ကတ္တရာလမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ 

အဆိုပါ ပြည်ထောင်စုလမ်းအမှတ်(၂)သည် တစ်လမ်းလုံးအရှည် ၇ မိုင်၊ ၁.၀၅ ဖာလုံဖြစ်ပြီး ယခု ဖွင့်လှစ်သည့် လမ်းပိုင်းအရှည် - ၆၄၂၀ ပေ၊ အကျယ် - ၂၀ ပေ၊ ၃ လက်မထုဖြင့် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)