ခမောက်ကြီးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခြင်း ဆောင်ရွက်

ခမောက်ကြီး အောက်တိုဘာ ၁၁

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ()ရက်နေ့တွင် ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများ သိရှိစေရန် "သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/ မပါစစ်ဆေးပြီးပြီလား " ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ ပြည်ထောင်စုလမ်းမကြီးနှင့် မြခွာညိုလမ်းဆုံတွင် လည်းကောင်း၊ ဈေးဆိုင်ခန်းများတွင် လည်းကောင်း ဖြန့်ဝေဆောင်ရွက်ကြောင်း သိရသည်။

အသိပညာပေး ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာတွင် ပါဝင်သော ဘေးကင်းလုံခြုံစွာနေပါ သင်ကဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ဖြစ်ပါသလား၊ မဲစာရင်းစစ်ဆေးပါ၊ သွားရောက် ဆန္ဒမဲပေးပါ၊   အတူတကွမဲပေးကြပါစို့ စသဖြင့်ပါဝင်ပြီး လမ်းပေါ်တွင် ဖြတ်သန်းသွားလာသည့် ပြည်သူများအား စာစောင်များထဲမှ ပါဝင်သည့် အချက်များအား ဖတ်ရှုမှတ်သား ဆောင်ရွက်ပေးရန် အသိပညာ ပေးကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့၊   မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊   မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။

နန့်လေးလေး(ခမောက်ကြီး ပြန်/ဆက်)