ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး

ဒေးဒရဲ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေမှ ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်လျက်ရှိသော မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေး ကြီးကြပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန့်စင်လှိုင်နှင့် အဖွဲ့ဝင်များက ဘုရားကလေးကျေးရွာအုပ်စုနှင့် ဒေါင့်ကြီးကျေးရွာအုပ်စုများတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေမှ ငွေကျပ်(၂၅၀၀)သိန်းဖြင့် ဒေသတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း(၅)ခု၊ မွေးမြူရေးလုပ်ငန်း(၉)ခု၊ အသေးစားစက်မှုလုပ်ငန်း(၅)ခု စုစုပေါင်း လုပ်ငန်း(၁၉)ခုအား ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ သီးနှံသားငါး ပိုမိုထုတ်လုပ်နိုင်ပြီး ဒေသတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း