လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းရေးဆွဲနည်း (AVIP) သင်တန်းဖွင့်လှစ်

လေးမျက်နှာ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်း၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းရေးဆွဲနည်း (AVIP)သင်တန်း ဖွင့်လှစ်ခဲ့သည်။

လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လေးမျက်နှာ မြို့နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာအုပ်စု (၉)အုပ်စုတို့မှ ကော်မတီဝင်များအား စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ဆောင်ရွက်နိုင်စေရန်၊ စီမံကိန်းဖောင်ပုံစံ (၄၈)မျိုးအား စနစ်တကျ ရေးဆွဲတတ်စေရန်နှင့် ကော်မတီဝင်များ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် စီမံကိန်းကျေးရွာ(၁၀)၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၄)ခု၊ အုပ်ဘောင်ချောင်းချောက် လုပ်ငန်း(၁)ခု၊ ကျေးရွာမီးလင်းရေးလုပ်ငန်း(၃)ခု၊ ကြိုးတံတား ပြုပြင်ခြင်းနှင့် တံတားအဆင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၁)ခု၊ ကွန်ကရစ် တံတားလုပ်ငန်း (၁)ခုတို့အား နိုင်ငံတော်မတည်ငွေကျပ်သိန်း(၁၅၀)နှင့်  ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေများစုပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။ ထို့နောက် ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းရေးဆွဲနည်း (AVIP) သင်တန်းကို ဆက်လက်ပို့ချခဲ့သည်။ သင်းတန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (တစ်ရက်)ဖွင့်လှစ် ပို့ချသွားမည်ဖြစ်သည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်၍ ကျေးရွာ(၁၉)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ရာ ယခု ဘဏ္ဍာနှစ်တွင် ကျေးရွာ(၁၀)ရွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်း စီမံကိန်းကျေးရွာ (၄၉)ရွာရှိပြီဖြစ် ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)