ပုလဲ အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံး တွေ့ရှိ သည့် အတည်ပြုလူနာ ၇ ဦးသည် ကိုဗစ်-၁၉ ရောဂါ လက္ခဏာပျောက်ကင်းပြီး ကျန်းမာရေး ကောင်းမွန်လာ၍ အောက်တိုဘာ ၁၁ရက်၊ ယနေ့ နံနက်၁၀နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့ကြောင်း မြို့နယ်COVID-19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ပုလဲမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူးဦးသန်းနိုင်က “ ကျွန်တော်မြို့နယ်မှာ ကိုဗစ်-၁၉ရောဂါပိုး ပထမဆုံးတွေ့ရှိတဲ့ အတည်ပြုလူနာ အမျိုးသမီး ၇ဦးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၃၀ရက်နေ့ ထုတ်ပြန် ချက်အရ ကိုဗစ်- ၁၉ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်လို့ ကျေးရွာ Quarantine ထားရှိတဲ့ နေရာကနေ ခေါ်ဆောင်၍ မြို့နယ်ပြည်သူ့ ဆေးရုံရှိ Isolation Ward ၌ ထားရှိပြီး ကျန်းမာရေး စောင့်ရှောက် ကုသမှုများကို ဆောင်ရွက်ပေးခဲ့ပါတယ်။
ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ ရက်မှစ၍ ( ၁၁ )ရက်အတွင်း လူနာ ၇ဦးဟာ ရောဂါလက္ခဏာမပြဘဲ ကျန်းမာရေးကောင်းမွန်နေတဲ့အတွက်ကြောင့် ယနေ့ အောက်တိုဘာ ၁၁ရက်၊နံနက်ပိုင်းမှာ မြို့နယ် ပြည်သူ့ဆေးရုံကနေဆင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံကနေ ဆင်းခွင့်ရရှိတဲ့ အမျိုးသမီး ၇ ဦးကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဇော်ထက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ ထွန်းမင်းခန့်၊ ကျန်းမာရေး ဝန်ထမ်းများ၊မြို့မိမြို့ဖများ၊စေတနာ့ဝန်ထမ်းများနှင့်အတူ နှုတ်ဆက် အားပေး စကားများ ပြောကြား၍ HandGel များနှင့် နှာခေါင်းစည်း Maskများကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းခန့်က ဆေးရုံဆင်း လက်မှတ်များကို ပေးအပ်ခဲ့ပါတယ်။
၎င်းတို့ ၇ ဦးရဲ့ ကျေးရွာများအရောက် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီး ကျေးရွာသို့ ပြန်လည် ရောက်ရှိချိန်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များနှင့်အညီ Home Quarantine နေထိုင်ဖို့ကိုလည်း ဆောင်ရွက်ပေးထားပါတယ်” ဟု ပြောကြားခဲ့သည်။
ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ ၁၁ ဦးရှိသည့်အနက် ၇ဦးမှာ ကျန်းမာရေး ကောင်းမွန်စွာဖြင့်ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သောကြောင့် ကျန်ရှိသည့် ပိုးတွေ့လူနာ၄ဦးကို မြို့နယ်ပြည်သူ့ ဆေးရုံIsolation Ward၌ ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးထားပြီး ပိုးတွေ့လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်း မြို့နယ်COVID–19 ထိန်းချုပ် ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ သတင်းရရှိသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)