နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန Community centre အစည်းအဝေးခန်းမ၌ မောင်မင်းစိုးရဲ့ စာဖတ်ဝိုင်းကျင်းပ

နတ်မောက်   ဇွန်၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre အစည်းအဝေးခန်းမတွင် ယနေ့နံနက်()နာရီအချိန်က Youth Club နှင့် ပူးပေါင်း၍ မောင်မင်းစိုးရဲ့  “မအောင်မြင်ခြင်း ရဲ့ ဇာတ်မြစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့်စကားအတိုင်း ယနေ့လူငယ်လေးများသည် နောင်အနာ ဂတ်၏ခေါင်းဆောင်များ ဟုဆိုလျှင်  မှန်မည်ဖြစ်ပါကြောင်း၊ ရာထူး၊ စည်းစိမ်ဥစ္စာ၊ရုပ်ရည်၊ စွမ်းရည်၊ စကားလုံးဆိုတာတွေကိုသာ  လူတွေက အဓိကထားယှဉ်ပြိုင်နေကြတာဖြစ်ပါကြောင်း၊ တကယ်တမ်းကျတော့ ကိုယ်ကျင့်တရား၊ ဘာသာရေးနဲ့ အသိဉာဏ်၊ စိတ်ဓာတ်တည်ဆောက်မှု၊ အေးချမ်းမြင့် မြတ်မှုဆိုတာတွေ ယှဉ်ပြိုင်ဖို့မေ့နေကြပါကြောင်း၊ ယှဉ်ပြိုင်ခြင်းကောင်းမွန်သော်လည်း ကောင်းမွန် တဲ့ယှဉ်ပြိုင်မှုဖြစ်ဖို့ လိုအပ်ပါကြောင်း၊ လူငယ်များအနေနဲ့ မိမိတို့ ကျောင်းများမှာ မိမိသာအတော်ဆုံး၊ အလိမ်မာဆုံး၊ ယဉ်ကျေးဆုံးစတဲ့ ကောင်းတဲ့ ကိုယ်ကျင့် တရားတွေကိုသာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါကြောင်း၊ အများအားဖြင့် ကိုယ့်ထက်သာမနာလိုဖြစ်တတ်ပြီး နောက်ဆုံး မလုပ်သင့်တာတွေ လုပ်၍ မယှဉ်ပြိုင်သင့်တာတွေဖြစ်လာတတ်တာကြောင့် မိမိတို့အနေနဲ့ ပြိုင်စရာလို့မသတ်မှတ်ဘဲ မုဒိတာပွားနိုင်ပြီး မိမိလုပ်ရမယ့်အလုပ်ပေါ်မှာ တိုးတက်အောင် မသိမသာယှဉ်ပြိုင် ခြင်းကသာ ကောင်းမွန်တဲ့ရလဒ်ဖြစ်ပါကြောင်း၊ သူတစ်ပါးမကောင်းပေမယ့် မိမိကောင်းခြင်းမျိုးဟာလည်း  ယှဉ်ပြိုင်မှုဖြစ်တဲ့အတွက် လူသားဆန်တဲ့ယှဉ်ပြိုင်မှုမျိုးနဲ့ ဘဝကို လှလှပပ ပုံဖော်သွားစေချင် ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါ်သင်းသင်းဝေ(ဒု-ဦးစီးမှူး)က“ လူငယ်နဲ့ကိုယ်ချင်းစာစိတ်” ခေါင်းစဉ်ထဲမှ လူတိုင်း ကိုယ်ချင်းစာစိတ်တွေ ကိန်းအောင်နေမယ်ဆိုရင် ပျော်စရာကောင်းမှာဖြစ်သလို၊ ငြိမ်းချမ်းမှု ဆီကိုလည်း ရောက်ရှိမှာဖြစ်ပါကြောင်း၊ လူသားအသိစိတ်ဓာတ်နဲ့ ရက်ဖောက်ထားတဲ့ အသိဉာဏ်တွေနဲ့  နေထိုင်နိုင်မှသာ တကယ့်လူသားတစ်ယောက် ပီပီသသဖြစ်နေမှာဖြစ်တာကြောင့် ကိုယ်ချင်းစာစိတ်နဲ့ ပရဟိတအကျိုး ကိုလည်း စွမ်းစွမ်းတမံတည်ဆောင်နိုင်ဖို့လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းသို့ Youth Club လူငယ်များ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၅၀)ဦးတက်ရောက်ခဲ့သည်။

မူမူစန်း