မြို့သစ်မြို့နယ်မှ မိရိုးဖလာအိုးလုပ်ငန်းလုပ်ကိုင်သူများပျောက်လုနီးပါးဖြစ်လာ

မြို့သစ် ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး အခြားစီးပွားရေလုပ်ငန်းဖြစ်သည့် မိရိုးဖလာ အိုးလုပ်ငန်း လုပ်ကိုင်သူများလည်းရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ယခင်က အိုးလုပ်ငန်းကိုလုပ်ကိုင်သူဦးရေ (၃၀)ကျော်ရှိရာမှ ယခုအခါ အိုးပြုလုပ်သည့် မြေကြီးအခက်အခဲ၊ ထင်းအခက်အခဲနှင့် လုပ်သားရှားပါးမှုများကြောင့် မိရိုးဖလာ အိုးလုပ်ငန်းလုပ်ကိုင်သူများ နည်းပါးလာပြီး ပျောက်လုနီးပါးဖြစ်နေကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံက သိရသည်။

“ကျွန်မတို့မြို့မှာ ယခင်ကအိုးလုပ်ငန်းလုပ်ကိုင်သူဦးရေ (၃၀)ကျော်ရှိတယ်။ အခုကတော့ လုပ်ကိုင်သူတွေမရှိသလောက်ဖြစ်နေပါပြီ၊ ကျမတို့ကတော့ အိုးလုပ်ငန်းလုပ်လာတာနှစ်(၂၀) ရှိပါပြီ။ အိုးလုပ်တဲ့အခါ မြေကြီးက အဓိကဖြစ်ကြောင်း၊ အိုးလုပ်တဲ့မြေကြီးက လှည်းတစ်စီးစာကို ငွေကျပ်ငါးထောင်ကျော်ပေးရပါတယ်၊ မြေကြီးအခက်အခဲရှိတယ်၊အိုး ဖုတ်ရန်အတွက် ထင်း၊ ကောက်ရိုး အခက်အခဲနဲ့ လုပ်သားရှားပါးတဲ့ပြဿနာလည်းရှိပါကြောင်း၊ နောက်ပြီးတော့ လုပ်တဲ့နေရာမှာလည်း အဆင့်ဆင့်လုပ်ရတာဖြစ်တဲ့အတွက် အိုးလုပ်ငန်းလုပ်တဲ့သူ နည်းပါးလာ ခြင်းဖြစ်တယ်"ဟု မြေအိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

မြို့သစ်မြို့နယ်တွင် ယခင်ကအိုးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး အိုးပြုလုပ်သည့် မြေကြီးအခက်အခဲ၊ အိုးဖုတ်ရန် ထင်း၊ ကောက်ရိုး အခက်အခဲ၊ လုပ်သားရှားပါးမှုနှင့် ဖောက်သည်စျေးပေးရာတွင် စျေးနှုန်းကွာဟမှုကြောင့် အိုးလုပ်ငန်းလုပ်ကိုင်သူများ တဖြည်းဖြည်း နည်းပါးလာကာ စိုက်ပျိုးရေးလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်သူများလာကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)