မင်းကင်းမြို့တွင် မျိုးစေ့ထုတ် စံပြကွက်ဆောင်ရွက်မည့် တောင်သူများအား ပံ့ပိုးပစ္စည်း ပေးအပ်ခြင်း၊ ငွေနှင်းမှိုမျိုးစေ့ ပေးအပ်ခြင်းနှင့် မိုးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မင်ကင်း ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မျိုးစေ့ထုတ် စံပြကွက်ဆောင်ရွက်မည့် တောင်သူများအား ပံ့ပိုးပစ္စည်းပေးအပ်ခြင်း၊ ငွေနှင်းမှိုမျိုးစေ့ ပေးအပ်ခြင်းနှင့် မိုးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက  မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မင်းကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံ၍ သီးနှံစိုက်ပျိုး ထုတ်လုပ်သော နိုင်ငံဖြစ်သည်နှင့်အညီ တက်ရောက်လာကြသည့် တောင်သူများအနေဖြင့် ယခု ဖွင့်လှစ်သည့် သင်တန်းသည် ရက်တိုဖြစ်သော်လည်း စိတ်ပါဝင်စားစွာ အကျိုးရှိရှိ သင်ယူလေ့လာ၍ အခြားတောင်သူများကိုပါ လက်ဆင့်ကမ်း အသိပညာပေးကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဟေမာန်ကျော်ဝင်းက သင်တန်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများက တောင်သူများထံသို့ ဧရာမင်းစပါးမျိုးစေ့၊ ဆင်းသုခမျိုးစေ့၊ ပုလဲ ဓာတ်မြေဩဇာ၊ ငွေနှင်းမှိုမျိုးစေ့နှင့် EM သဘာဝဓာတ်မြေဩဇာများ မျိုးစပါးများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် ကော်ဖီဘရိတ်၊ ဘက်စုံပိုးမွှား ကာကွယ်နှိမ်နှင်းရေးနည်းပညာ၊ မျိုးစေ့ထုတ်နည်းပညာများ၊ မြေပဲသီးနှံ၊ စပါးပန်းတိုင် အထွက်နှုန်းရရှိရေးနည်းပညာ၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာ၊ ငွေနှင်းမှိုစိုက်ပျိုးနည်းအကြောင်း စပါးခွံဖွဲပြာ ပြုလုပ်နည်း လက်တွေ့ဆောင်ရွက်ပြသခြင်းနှင့် EMမြေဆွေးပုံပြုလုပ်နည်း ပြသဆောင်ရွက်ခြင်းများ သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသို့ ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း (၄၅)ဦးတက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်