ပဲခူး ဇွန် ၂၈
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၁၂)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှလက်ရည်စစ်တင်းနစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် တိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင်အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက "(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများက အားကစားနည်းအလိုက် ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၁၂)၊ စုစုပေါင်း(၂၄)ခုရယူပေးနိုင်ခဲ့သည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အသက်(၁၂)နှစ်အောက် အရှေ့တောင်အာရှ လက်ရည်စစ်တင်းနစ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ငံ့လက်ရွေးစင် အားကစားသမား(၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားအသင်းလိုက် တတိယဆုနှင့် အမျိုးသမီးအသင်းလိုက် ဒုတိယဆုများ ရရှိခဲ့သည့်အတွက်လည်း ထပ်ဆင့်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက်အောင်နိုင်ရေး အလံပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် အားကစားနည်းအလိုက် ဆုတံဆိပ်များရရှိလာပါကလည်း ယခုလိုအခမ်းအနားဖြင့် ထိုက်ထိုက်တန်တန် မှတ်တမ်းတင်ထပ်ဆင့်ဂုဏ်ပြုပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ လာမည့်အားကစားပြိုင်ပွဲများတွင် ယခုထက်ပိုမို အောင်မြင်မှုများရရှိရန် ကြိုးစားအားထုတ်စေလိုကြောင်း၊ အားကစားဖြင့် နိုင်ငံတော်၏ ဂုဏ်၊ တိုင်းဒေသကြီး၏ဂုဏ်ကို ဆက်လက်မြှင့်တင်ပေးကြရန်နှင့် လိုအပ်သည်များ ထပ်မံပံ့ပိုး ကူညီပေးသွားမည်ဖြစ်ကြောင်း" စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ ငွေတံဆိပ်နှင့်ကြေးတံဆိပ် ဆုရရှိသူများအား တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများ၊ ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အသက်(၁၂)နှစ်အောက် အရှေ့တောင်အာရှ လက်ရည်စစ်တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများနှင့် နည်းပြတို့အား တိုင်းဒေသကြီးဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် မြန်မာ့လက်ရွေးစင် အားကစားသမား(၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က အားကစားသမားများ၊ နည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြား ခဲ့သည်။
(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေ၊ ငွေ၊ ကြေး စုစုပေါင်း(၅၆)ခုရရှိခဲ့ရာမှ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံဂုဏ်ဆောင်မသန်စွမ်း အားကစားသမားများမှ ရွှေ၊ ငွေ၊ ကြေး စုစုပေါင်း(၂၄)ခုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)