ပွင့်ဖြူ ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၇)တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကျေးရွာ များမှာ ပွင့်ဖြူမြို့နယ် ကျီးကန်ကျေးရွာ၊ ဘူးသည်ကျေးရွာ၊ မင်းမြေ(၂)ကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ မကျီးစုကျေးရွာ၊ မင်းဇံကျေးရွာနှင့် မကျီးကုန်းကျေးရွာတို့ ဖြစ်ပြီး ကျေးရွာတစ်လျှင် စီမံကိန်းရန် ပုံငွေကျပ် သိန်း(၁၅၀)စီ ထောက်ပံ့ပေးပြီး ဌာနမှ အနီးကပ်ကြီးကြပ်ကာ ကျေးရွာပြည်သူလူထု ကိုယ်တိုင်ဦးဆောင်၍ တာဝန်ယူဆောင်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကျေးရွာများမှ ဦးစားပေးဆောင်ရွက်ပေးရန် တင်ပြလာသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။
ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နှစ်စဉ်ဖွံ့ဖြိုးမှုအားနည်းသည့် ကျေးရွာများကို စိစစ်ရွေးချယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာ ပြည်သူလူထု၏ ထည့်ဝင်ငွေတို့ဖြင့် ပူးပေါင်းပြီး ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် အခြားသော ကျေးရွာအတွက် အဓိကလိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာနေပြည်သူများကိုယ်တိုင် အဖွဲ့အစည်းများအကြား ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ရာ၌ တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်များ ရှိလာစေခြင်း၊ ခေါင်းဆောင်မှုစွမ်းရည်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ကိုလည်း ရရှိစေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )