လှိုင်းဘွဲ ဇွန် ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ (က) ရပ်ကွက် အတွင်းရှိ အားကစား နှင့်ကာယပညာဦးစီးဌာန မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ၂၀၂၃ ခုနှစ်၊ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက မြို့နယ်၏ အားကစား လှုပ်ရှားမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်လာနိုင်စေရန်၊ မြို့နယ်မှ ပြည်နယ်၊ ပြည်နယ်မှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ထွက်ပေါ်လာနိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြှင့်မားရေး၊ အများပြည်သူများ အားကစားကို စိတ်ပါဝင်စားလာစေရန်အတွက် ရည်ရွယ်၍ ပြိုင်ပွဲကို ပြုလုပ်ကျင်းပပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
လှိုင်းဘွဲမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ လူငယ်ပိုက်ကျော်ခြင်း အားက စားသမား အသင်းစုစုပေါင်း (၁၆) သင်းတို့က ဇွန်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ အုပ်စုပတ်လည်ပွဲစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)