သရက်ချောင်း ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၃ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် ဇွန်လအတွက် လျာထားကျေးရွာများအား ချေးငွေများထုတ်ချေးပြီးစီးခဲ့ကြောင်းသိရသည်။
အဆိုပါချေးငွေများထုတ်ချေးရာတွင် သရက်ချောင်းမြိုနယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာက တောင်သူများအား ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းပြောကြားခြင်း၊ ချေးငွေပြန်လည်ဆပ်ရမည့် အချိန်ကန့်သတ်ချက်၊ တောင်သူများအနေဖြင့် ချေးငွေပြန်လည်ဆပ်ရမည့် သတ်မှတ်ထားသည့်အချိန်ရောက်လျှင် မဆပ်သည့် တောင်သူများအား နောင်နှစ်တွင် ချေးငွေထုတ်ချေးပေးမည်မဟုတ်ကြောင်း စသည်ဖြင့်ရှင်းလင်း ပြောကြားပြီး ချေးငွေထုတ်ချေးရန်အတွက် လိုအပ်သည်များကို စနစ်တကျဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်အတွင်းတောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုး စရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး ဇွန်လအတွက် ကျေးရွာ(၁၃)ရွာမှ တောင်သူ (၅၇၀)ဦး၊ တစ်ဧကလျှင် ၁သိန်းခွဲနှုန်းဖြင့် စပါးစိုက် (၂၉၈၉)ဧကအတွက် ချေးငွေကျပ်(၄၄၈၃၅၀၀၀၀)သိန်းကို ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း၊ လာမည့်ဇူလိုင်လတွင် လျာထားကျေးရွာများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။
ပြည့်ဖြိုးပိုင် (သရက်ချောင်း)