မင်းလှမြို့တွင် ပြည်သူများ အပန်းဖြေအနားယူနိုင်ရန် ပန်းခြံသစ်တစ်ခု ဆောင်ရွက်

အထက်မင်းလှ ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများအပန်းဖြေအနားယူနိုင်ရေးအတွက် မြောက်ရပ်ကွက်ရှိ ”ထ”ကန်ဘေးမြေနေရာတွင် ပန်းခြံသစ်တစ်ခု ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။          

မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြည်သူများ အပန်းဖြေအနားယူနိုင်ရန်အတွက် ပန်းခြံသစ်တစ်ခု ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပန်းခြံသစ်မြေရှင်းလင်းခြင်းလုပ်ငန်း အကျယ်(၁)ဧက ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို မြို့နယ်စည်ပင်သာယာရေး‌ကော်မတီဥက္ကဋ္ဌ ဦးရဲလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ပန်းခြံသစ်ဆောက်လုပ်ရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပန်းခြံသစ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း (၉၄၀)ပေအား တိုင်းဒေသကြီးရန်ပုံငွေကျပ် (၄၇.၇)သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ပန်းခြံသစ် Landscaping၊ ကွန်ကရစ်လျှောက်လမ်း၊ ပန်းအလှပင်များကို အားကစားပစ္စည်းများဖြင့် အလှဆင်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။                                                                                                                                 

ဇာဇာ(ပြန်/ဆက်)