မင်းဘူး(စကု)မြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယာမြက် တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုး

မင်းဘူး ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မွေးမြူရေး ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အစာအာဟာရ ပြည့်ဝသော တိရစ္ဆာန်အစာပင် နေဗီယာမြက်ကို စနစ်တကျ တွင်ကျယ်စွာ စိုက်ပျိုးကျွေးမွေးနိုင်စေရန် တောင်သူပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က စကုမြို့၊ အမှတ် (၂) အောင်သုခရပ်ကွက်ရှိ စိုက်ပျိုးရေးနှင့် နွားမွေးမြူရေးလုပ်ငန်း တွဲဖက်လုပ်ကိုင်သူ တောင်းသူ ဦးဇော်လင်း၏ ယာမြေအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်မြင့်က မြို့နယ်အတွင်း၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်သည့် တောင်သူများအနေဖြင့် မိမိတို့မွေးမြူထားသော ကျွဲ၊ နွား တိရစ္ဆာန်များအတွက် နေဗီယာမြက်ကို စိုက်ပျိုးကျွေးမွေးခြင်းဖြင့် တိရစ္ဆာန်များကို လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးမြူရေးစနစ်သို့ ပြောင်းလဲပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လုပ်ကိုင်လာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရပြည့်ဝသော အစားအစာအဖြစ် ကျွေးမွေးနိုင်ရန်နှင့် ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းများတွင် အာဟာရဓါတ်မြင့်မားပြီး အထွက်နှုန်းကောင်းမွန်စေသော တိရစ္ဆာန်အစာပင်များ ဖူလုံစွာသုံးစွဲနိုင်စေရေးအတွက် နေဗယာမြက်မျိုးများကို စနစ်တကျ ရွေးချယ်စိုက်ပျိုးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ခင်းကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ တိရစ္ဆာန်အစာပင် နေဗီယာမြက်ကို ၁ ဧက စိုက်ပျိုးခြင်းဖြင့် မွေးမြူရေး ကျွဲ၊ နွား တိရစ္ဆာန် (၁၀)ကောင်ကို တစ်လစာ ဖူလုံစွာကျွေးမွေး နိုင်စေမှာဖြစ်ကာ သာမာန်အစာဖြစ်သည့် ကောက်ရိုး၊ နှံစားနှင့် ပြောင်းများထက် အထွက်နှုန်းကောင်းမွန်ပြီး လိုအပ်သော အာဟာရဓာတ်ပမာဏ များစွာ အပြည့်အဝ ရရှိစေနိုင်မှာဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)