ကန့်ဘလူ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ၏ နေ့စဥ်လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ စားသောက်ကုန်များကို ပြင်ပစျေး နှုန်းများထက်လျော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ဇွန် ၂၈ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်တို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လာရောက်ဝယ်ယူကြသူ ပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် ဆန် တစ်ပြည်၊ ဆီ ၅ ကျပ်သားနှင့် ကြက်ဥ နှစ်လုံး စသည့် ပစ္စည်းသုံးမျိုးတို့ကို ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးရာ ယခင်နေ့များကထက် ဝယ်ယူသူများပြားခဲ့ကြောင်း သိရသည်။
အဆိုပါခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသသူပြည်သူများအား အခမဲ့ ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်က လာရောက်ကြည်ရှု၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)