ကျိုက်လတ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်

ကျိုက်လတ် ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)တွင် ယမန်နေ့နံနက် (၉)နာရီခွဲက သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု မဖြစ်စေရေး၊ ဘေးအန္တရာယ်လျှော့ချနိုင်ရေး၊ ကြိုတင်ကာကွယ်ရေးတို့အတွက် ယခုကဲ့သို့ ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဖျာပုံခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်က ကမ္ဘာ့ပတ်ဝန်းကျင် အခြေအနေ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝင်းပပကျော်က ငလျင်ဘေးအန္တရာယ်ဆိုင်ရာများနှင့် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအကြောင်း အသီးသီးပြောကြားခဲ့သည်။ ဆက်လက်၍ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတ လူနာတင်ယာဉ်များ ပူးပေါင်း၍ ကျိုက်လတ်မြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ငလျင်လှုပ်ချိန် မြေပြင်၌ဝပ်၍ နေရာယူခြင်း၊ ဦးခေါင်းအား အကာအကွယ်ယူ၍ ဘေးလွတ်ရာစုရပ်သို့ သွားရောက်ခြင်း၊ စုရပ်ရောက်ပြီးသူများအား လူစစ်၍ အဆောက်အဦးအတွင်း ဒဏ်ရာရရှိ၍ ကျန်ရှိ နေသူများအား သွားရောက်ကယ်ဆယ်ခြင်း၊ ရှေးဦးသူနာပြုစုခြင်း၊ ဒဏ်ရာရရှိသူများအား ဆေးဝါး ကုသနိုင်ရေး လူနာတင်ယာဉ်ထံသို့ ပို့ဆောင်ခြင်းစသော ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်