ဂန့်ဂေါ အောက်တိုဘာ ၁၁
မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ အတိုးရငွေများဖြင့် မကွေး တိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာကျေးရွာတွင် ကျေးရွာတွင်းလမ်း မြေနီ ကျောက်စရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ မင်းရွာကျေးရွာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ကာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို စတင်ထုတ်ချေးပေးခဲ့ရာ ယခုအခါ အတိုးရငွေ ပေါင်း ကျပ်သိန်း ၁၅၀ ကျော်ရရှိပြီဖြစ်ကြောင်းနှင့် အတိုးရငွေများထဲမှ (၇၅)သိန်းကျပ်ဖြင့် အလျားပေ ၅၄၀၀၊ အကျယ် ၁၅ပေ၊ ထု ၆ လက်မဖြင့် ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းကို အဆိုပါကျေးရွာကော်မတီမှ တာဝန်ယူဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်လမ်းတည်ဆောက်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၂ ရက်နေတွင် စတင်ခဲ့ရာ အောက်တိုဘာ ၁၀ ရက်တွင် ပြီးစီးသွားကြောင်းနှင့် မိုးရာသီတွင် ရေဝင်ရောက်မှုများသည့် အဆိုပါလမ်းမှာ မြေနီကျောက်စရစ်ခင်းထားသည့်အတွက် ဆက်သွယ်သွားလာမှု လွယ်ကူသွားကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)