ပုလော ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဖုံး ၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်း ပုလောမြို့ အမှတ်(၂) ရပ်ကွက်နေအိမ်များတွင် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းနိုင်ရေးအတွက် မိုးရေတင်ကျန်နိုင်သည့် ဘူး ၊ ခွက်၊ တာယာဟောင်းများတွင် ဖုံး၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နေအိမ်ကလေးများ ဖျားနာပါက ကျန်းမာရေးဌာနှင့် ဆက်သွယ်၍ ကုသမှုကို ခံယူကြရန် အသိပညာပေး ဆွေးနွေးကာ တစ်အိမ်တက်ဆင်း ဖုံး၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခပ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)