မင်းဘူး(စကု)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲများ ကျင်းပ

မင်းဘူး ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူငယ်စကားဝိုင်း၊ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၆ ရက်က မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမနှင့် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင် ကျင်းပသော လူငယ်စကားဝိုင်းကို နံနက်ပိုင်းအချိန်က ဦးစွာကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူးဦးကျော်မင်းဦးက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝိုင်းဖွဲ့ဦးဆောင် ဆွေးနွေးသည့် အလေ့အကျင့် ကောင်းများရရှိစေပြီး အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်၊ လူအများရှေ့ မောက်တွင် ပြောရဲ၊ ဆိုရဲသည့် စိတ်သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေကာ မိမိတို့ပြောကြားလိုသည့် အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် ချပြဆွေးနွေးတတ်သည့် အလေ့ကျင့်ကောင်း များရရှိစေရန်နှင့် လူငယ်များ ဗလငါးတန်ပြည့်စုံ၍ အနာဂါတ် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုလို လူငယ်စကားဝိုင်းများအား ကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးနှင့် ကျောင်းသား/ကျောင်းသူ (၅)ဦးက လူငယ်နှင့် မူးယစ်ဆေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် စိတ်ကြွဆေး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးကို အစွမ်းကုန် တိုက်ဖျက် ကန့်ကွက်ကြစို့ စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသူများ၏ သိရှိလိုသော မေးမြန်းချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အသိပညာပေး ဟောပြောပွဲကို စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း ခန်းမ၌ မွန်းလွဲပိုင်းအချိန်က ကျင်းပရာ စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုဆန်းလွင်ဦးက မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဥပဒေအကြောင်းအရာများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာ၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင်က စာအုပ်၊ စာပေများ ဖတ်ရှု လေ့လာခြင်းအားဖြင့် ရရှိစေနိုင်သော အကျိုးကျေးဇူးများအကြောင်း စသည့် ခေါင်စဉ်များဖြင့် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆုရကျောင်းသား/ကျောင်းသူများကို အဆိုပါ ကျောင်းတည် ထောင်အုပ်ချုပ်သူ ဦးအောင်ပြည့်ဖြိုးနှင့် တာဝန်ရှိသူများက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်း၊ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)