လိပ်သိုဒေသထွက် မင်းကွတ်သီးများ ဈေးကောင်းရရှိ

လိပ်သို ဇွန် ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်သောကြောင့် ဥယျာဉ်ခြံသီးနှံ ပင်များအပြင် နှစ်ရှည်ပင် တစ်မျိုးဖြစ်သော မင်းကွတ်ပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ မင်းကွတ်သီးများ ဆွတ်ခူးရောင်းချချိန်၌ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

မင်းကွတ်သီးမှာ ချိုချိုချဉ်ချဉ် အရသာရှိပြီး အေးသော သဘာဝဓာတ်ပါသဖြင့် အပူအအေး မျှတစေသော အသီးအဖြစ် စားသုံးသူများ ကြိုက်နှစ်သက်ကြရာ မင်းကွတ်သီး အလုံးအကြီး/အသေးပေါ် မူတည်၍ တစ်လုံးလျှင် (၂၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ ဈေးကောင်း ရရှိကြောင်း သိရသည်။

မင်းကွတ်ပင်များမှာ အပင်များအပေါ် မူတည်၍ နိုဝင်ဘာလမှမတ်လအထိ အပွင့်ပွင့်ကြောင်း၊ အပွင့်မှာပန်းရောင်ဖြစ်ကြောင်း၊ မေလမှဩဂုတ်လအထိ အသီးများရင့်မှည့်ကြောင်း၊ မင်းကွတ်ပင်၏ အခေါက်နှင့် အရွက်နုများကို ဝမ်းကိုက်ရောဂါအတွက် ဆေးအဖြစ် အသုံးပြုနိုင်ကြောင်း အလယ်ချောင်းကျေးရွာ မင်းကွတ်ပင်စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)