ရေဦး ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင် ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းနှင့်၀န်းကျင်မူးယစ်ကင်းစင်ကာ မျိုးဆက်သစ် လူငယ်မောင်မယ် ကျောင်းသားကျောင်းသူလေးများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့နေ့လည်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းနှင့် ၀န်ထမ်းများက အ၊ ထ၊ က (၁) ကျောင်းရှိ ကျောင်းသားကျောင်းသူလေးများအား မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်း၀ယ်ခြင်း ဆိုင်ရာဆိုးကျိုးများနှင့် ပြစ်ဒဏ်များ စသည့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်ပြီး ညနေ ၃ နာရီအချိန် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၁၅ ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
ပြိုင်ပွဲတွင်မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲ၀င်ကျောင်းသားကျောင်းသူများ အားလုံးကို အမှတ်တရာလက်ဆောင်အဖြစ် ဆေးရောင်ခြယ်စာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းသန်း (ရေဦး)