ထားဝယ် ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံ ပြည်သူများအား စာပေဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတ ရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များကို ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား/သူများအား သုတ/ရသ စာအုပ်စာစောင်များ ဆက်လက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ ရသ စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ရာ ကျောင်းအုပ်ဆရာကြီးက ကူညီဆောင်ရွက်ခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို အခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာ ဗဟုသုတ များစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၃၅၀)အုပ် ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ပြန်/ဆက်)