ပေါင်းတည် ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသည် မိုးရာသီကာလ၌ဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ရပ်ရွာများနှင့် စာသင်ကျောင်းများအရောက် ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ယမန်နေ့နံနက်ပိုင်းက ကြို့ကုန်းကျေးရွာအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
မိုးဥတု၌ ခြင်နှင့်ပိုးလောက်လန်းများကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်လေ့ရှိရာ လူနေဝန်းကျင်များ၌ ခြင်များပေါက်ပွားရှင်သန်မှု မရှိစေရေးအတွက် ရေစည်၊ ရေအိုး၊ ပန်းအိုး၊ ရေခွက်နှင့် ဗူးခွံ၊ ဗူးခွက်များအား ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ကို မကြာခဏကျင့်သုံးတတ်ကြစေရန်ရည်ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယနေ့တွင်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ ကျန်းမာရေး စေတနာ့ဝန်ထမ်းများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့လိုက်ပါလျက် ကြို့ကုန်းကျေးရွာရှိနေအိမ်များနှင့် အခြေခံပညာမူလတန်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ရေတွင်း၊ ရေကန်၊ ရေစည်များအတွင်းသို့ အဘိတ်(abate)ဆေးခပ်ပေးခြင်း၊ ဆေးဖြန်းပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
သူရကြီး (ပြန်/ဆက် )