ပုသိမ်မြို့၌ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပုသိမ် ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၂၆ ရက်ညနေပိုင်းက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်း‌ဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်က ယနေ့ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ကို “အအေးပေးနည်းပညာ စဉ်ဆက်မပြတ်တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ အအေးပေးခြင်းပစ္စည်းများ၏ မရှိမဖြစ်အသုံးပြု၍ ရရှိလာသော အကျိုးကျေးဇူးများကို အသိပညာပေးနိုင်ရန်နှင့် မြင့်မားသောအအေးပေးနည်းပညာများ ရွေးချယ်အသုံးပြုခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များ၏ ပတ်ဝန်းကျင်သာယာရေးအတွက် မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အအေး‌ပေးဒြပ်ပစ္စည်းများကြောင့် ကမ္ဘာကြီးပူနွေးလာမှု၊ အိုဇုန်းလွှာပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများလည်း ဖြစ်ပေါ်နိုင်ကြောင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကမ္ဘာ့အအေးပေးနေ့ အထိမ်းအမှတ်အသိပညာပေး ဗီဒီယိုပြသမှုအား ကြည့်ရှုခဲ့ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မြင့်ဟန်
ပုသိမ်ခရိုင်(ပြန်/ဆက်)