ပဲခူး အောက်တိုဘာ ၁၁
ပဲခူးမြို့တွင်ဖွဲ့စည်းထားသော WE LOVE BAGO Charity Organization (စုပေါင်းစွမ်းအား ကမ်းလက်များ) အဖွဲ့မှဦးဆောင်၍ ယနေ့နံနက်ပိုင်းက ပဲခူးမြို့ပေါ်ရပ်ကွက် အသီးသီးရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ၏ မိသားစုဘဝများ အဆင်ပြေရေး စားနပ်ရိက္ခာကူညီပေး အစီအစဉ်အရ ဆန်၊ ဆီနှင့် စားနပ်ရိက္ခာများကို လိုက်လံလှူဒါန်း ပေးကြကြောင်း သိရသည်။
WE LOVE BAGO Charity Organization (စုပေါင်းစွမ်းအား ကမ်းလက်များ) အဖွဲ့အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရောဂါကိုလျှင်မြန်ထိရောက်စွာ ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ရာတွင် ပူပေါင်းပါဝင်ပေးနိုင်ရန်၊ Stay Home စည်းကမ်းချက်များအား လိုက်နာနိုင်ရေး အသိပညာပေးခြင်း၊ လိုအပ်ချက် ဖြည့်ဆည်းပေးခြင်းများ ပြုလုပ်နိုင်ရန်၊ အခြေခံလူတန်းစား မိသားစုများ၏ စားနပ်ရိက္ခာ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ရေးတို့ကို ရည်ရွယ်၍ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် လက်တွဲကာ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
WE LOVE BAGO Charity Organization (စုပေါင်းစွမ်းအား ကမ်းလက်များ)အဖွဲ့မှ ယနေ့တွင် ပဲခူးမြို့ပေါ်ရှိ နန်းတော်ရာရပ်ကွက်၊ ရှင်စောပုရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်နှင့် လိပ်ပြာကန်ရပ်ကွက်တို့မှ အခြေခံ လူတန်းစား အိမ်ထောင်စု(၈၉၀)စုအား အိမ်ထောင်စု(၁)စုလျှင် ဆန်(၄)ပြည် (၁)အိတ်၊ ဆီ(၅၀)ဆယ်သား ဗူး(၁)ဗူး၊ မာမား ခေါက်ဆွဲ(၃)ထုပ်၊ ငါးသေတ္တာ(၂)ဗူး၊ ဘဲဥ(၁၀)လုံး၊ ငါးပိထောင်းဗူး(၁)ဗူး၊ ပဲ(၂၅)ကျပ်သား၊ ပရိတ်ရေ(၁)ဗူး၊ နှာခေါင်းစည်း Mask(၂)ခုစီ လိုက်လံထောက်ပံ့ လှူဒါန်းပေးကြခြင်းဖြစ်ပြီး နောက်နေ့များ တွင်လည်း ကျန်ရှိနေသေးသည့် ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စုများအား လိုက်လံထောက်ပံ့ လှူဒါန်းပေးသွားမည်ဖြစ်သည့်အပြင် ပဲခူးမြို့ပေါ် ရပ်ကွက် အသီးသီးမှ အခြေခံလူတန်းစား အိမ်ထောင်စု(၅၀၀၀)စုမှ လူဦးရေ(၁၈၀၀၀)ဦးအား မိသားစုဘဝများ အဆင်ပြေရေး စားနပ်ရိက္ခာ ကူညီပေး အစီအစဉ်အရ ဆန်၊ ဆီနှင့် စားနပ်ရိက္ခာများကို ထောက်ပံ့လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)