ဘိုကလေးမြို့နယ်တွင် လူငယ်ရေးရာ ဟောပြောပွဲကျင်းပ

ဘိုကလေး ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ကာယ၊ ဉာဏ၊ စာရိတ္တမဏ္ဍိုင်များဖွံ့ဖြိုးတိုးတက်စေရေး၊ အနာဂတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ယနေ့နံနက်(၁၀)နာရီ၌ ဘိုကလေးမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်ရေးရာ ဟောပြောပွဲကျင်းပဆောင်ရွက်သည်။

ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကျောင်းသားလူငယ်များအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် မှန်ကန်သော အတွေးအခေါ်၊ ဖြောင့်မတ်သော ကိုယ်ကျင့်တရားများရရှိရေး စာများများ ဖတ်ရှုရန်လိုအပ်ကြောင်း၊ တန်ဖိုးရှိသော လူငယ်ဘဝပိုင်ဆိုင်နိုင်ရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးရန် လိုအပ်ကြောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းပြ/နည်းစနစ်မှူး ဦးဇေယျာမျိုးမှ လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အားကစားကဏ္ဍသည်လည်းအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ အားကစားကဏ္ဍဖြင့် ကမ္ဘာ့အလယ်၌ မြန်မာဟူ၍ ပေါ်လွင်ထင်ရှားစေရန် ယခုလူငယ်များ၌ တာဝန်ရှိကြောင်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းက လူငယ်များဘဝတာ၌ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် ဘေးဥပါဒ်ကင်းသော အစားအသောက်များနှင့် လူသုံးကုန်များကိုသာ သုံးစွဲရန်လိုအပ်ကြောင်းနှင့် ၎င်းတို့ဌာနမှ တားမြစ်ထားသည့် ဘေးအန္တရာယ်ဖြစ်စေတတ်သော စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များအား အသီးသီး ဟောပြောအသိပညာပေးခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)