ထီးချိုင့် ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှုနှင့်စီမံခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)အချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများ ရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ခေါင်းဆောင်မှုနှင့်စီမံခြင်း စာအုပ်တွင် လူတိုင်းဟာ မိမိကိုယ်ကိုတန်ဖိုးထားပြီး ပျိုးထောင်ရမယ်၊ စနစ်တကျဆုံးမပဲ့ပြင်ခြင်းမရှိခဲ့ရင် အလွန်တရာ ပြင်းထန်တဲ့ဆိုးကျိုးတွေ သက်ရောက်စေနိုင်သလို စိတ်ကိုဖြူစင်သန့်ရှင်းအောင်၊ အပြုအမှု၊ အလုပ်အကိုင်၊ အပြောအဆို၊ အတွေ့အကြုံ၊ ကိုယ်ပြုသမျှ၊ ပြောသမျှ၊ စဉ်းစားသမျှ အလုပ်ဟူသမျှ စေတနာပါအောင်ထည့်ပါ စသည့်အကြောင်းအရာများဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်အုန်းမြင့်မှလည်း ကံခြင်းတူရင်ဉာဏ်သာသူက အနိုင်ရမယ်၊ ဉာဏ်ခြင်းတူရင် ဝီရိယသာသူကအနိုင်ရမယ်၊ စေတနာခြင်းတူရင် ရိုးသားသူကအနိုင်ရမယ် စသည့် အကြောင်းအရာများဖြင့် လည်းကောင်း၊ ဓါတ်ပုံ(၂)ဦးရဲလင်းထွန်းမှလည်း ခေါင်းဆောင်ရဲ့ လက္ခဏာများခေါင်းစဉ်ဖြင့် အသီးသီးဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)