ဒေးဒရဲမြို့၌ အ​​ခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ

ဒေးဒရဲ ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကင်းစင်၍ ပညာသင် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် KG တန်း ကလေးငယ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံဖူးခြင်း မရှိသေးသော ကျောင်းသား၊ ကျောင်းသူများအား (Sinophren) ကာကွယ်ဆေးများကို ယနေ့နံနက် (၁၀)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် အသက်(၅)နှစ်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူများ၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးမှု(၆)လပြည့်ပြီးသော အသက်(၁၂)နှစ်မှ (၁၈)အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို မိနစ်(၂၀)ကြာ အနားယူစေခြင်းများကို ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ (၃၃၇၉)ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမည့်(၁၂-၁၈)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၆၃၇)ဦးအား ထိုးနှံပြီးစီးရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း