ဘိုကလေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ လူရည်ချွန် (၃)ဦးအား ဂုဏ်ပြုပွဲကျင်းပ

ဘိုကလေး ဇွန် ၂၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် လူရည်ချွန် (၃)ဦးပေါ်ထွန်းလာခဲ့ပြီး ယမန်နေ့နံနက်(၉)နာရီ အချိန်တွင် ဘိုကလေးမြို့နယ်တွင်းသို့ ၎င်းလူရည်ချွန်များအနေဖြင့် မော်တော်ယာဉ်များဖြင့် လှည့်လည်ဂုဏ်ပြုခံကြပြီး ဂုဏ်ပြုပွဲအခမ်းအနားအား ဘိုကလေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီ၌ ကျင်းပ ပြုလုပ်သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘိုကလေးမြို့နယ်၌ ပေါ်ထွန်းခဲ့သော လူရည်ချွန်များမှာ ဘိုကလေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ Grade-11မှ မမေသက်နိုင်၊ Grade-10 မှ မောင်စွမ်းထက်နှင့် Grade-9 မှ မမြတ်ကေဇင်စိုးတို့ ဖြစ်ကြပြီး ယနေ့နံနက်ပိုင်း မြို့နယ်တွင်းသို့ လှည့်လည်ဂုဏ်ပြုခံအပြီး ဂုဏ်ပြုပွဲကျင်းပမည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ပြန်အဝင်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများမှ ပန်းစည်းများပေးအပ်၍ ဂုဏ်ပြုကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျောင်းသား/သူများမှ မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ကျောင်းသား လူငယ်များသည် နောင်အနာဂတ်တွင် ထွန်းလင်းတောင်ပလာမည့် ကြယ်ပွင့်များဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရန် ထူးချွန်ထက်မြက်သော လူတော်၊ လူကောင်း၊ လူရည်ချွန်များ ပေါ်ထွက်ရန်လိုအပ်ကြောင်း၊ ကျောင်းသားလူငယ်များသည် နောင်အချိန်တွင် တိုင်းပြည်၏ ပခုံးပြောင်းတာဝန်များကို ထမ်းရွက်ရမည်ဖြစ်သည့်အတွက် ယခုအချိန်၌ ဉာဏ်ရည်ပြည့်ဝ နှလုံးလှသော၊ အဖက်ဖက်မှ ထူးချွန်သော လူရည်ချွန်များ မွေးထုတ်ပေးရန် လိုအပ်ကြောင်း အမှာစကားပြောကြားပြီးနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ တာဝန်ခံကျောင်းအုပ် ဒေါ်စုစုမြိုင်က မိမိတို့ ကျောင်းအနေဖြင့် နှစ်စဉ် လူရည်ချွန်များ မွေးထုတ်ပေးလျက်ရှိပြီး ယခုနှစ်တွင်လည်း ဆရာ/မများ၏ ကြိုးစားသင်ပြမှု၊ လူရည်ချွန်လောင်းများ၏ ကြိုးစားသင်ယူမှုနှင့် မိဘများ၏ ပံ့ပိုးကူညီမှုများကြောင့် လူရည်ချွန်များ ပေါ်ထွန်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးရုံးနှင့် တာဝန်ရှိသူများမှ လူရည်ချွန် များအား ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခြင်း၊ ကျောင်းသား/သူများမှ ဖျော်ဖြေရေးအစီအစဉ်များ တင်ဆက်ခြင်းနှင့် လူရည်ချွန်များမှ ၎င်းတို့၏ လူရည်ချွန်ခရီးစဉ်မှ အတွေ့အကြုံများအား ပြန်လည်မျှဝေ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)