ဟင်္သာတ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ ဥယျာဉ်မြောက်ရပ်ကွက်၊ ဟင်္သာရုပ်အဝိုင်းတွင် ဟင်္သာတခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် ၉ နာရီက အခြေခံ စားသောက်ကုန်များနှင့် အသားငါးများကို ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား စျေးနှုန်းသက်သာစွာ လှည့်လည်စျေးကားများဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ငါးလုပ်ငန်းရှင်များအသင်း၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်လုပ်ငန်းရှင်များ အသင်းတို့မှ ဆန်၊ ဆီ၊ အမဲသား၊ ဝက်သား၊ ငါး တို့အား ပြင်ပပေါက်စျေးထက် ဈေးနှုန်း သက်သာစွာဖြင့် ငါးမြစ်ချင်း ၁ ပိဿာ လျှင် ၆၀၀၀ ကျပ်နှုန်း၊ ဝက်သား ၂၀ သားလျှင် ၂၀၀ဝ ကျပ်နှုန်း၊ အမဲသား ၂၀ သားလျှင် ၂၅၀၀ ကျပ်နှုန်း၊ ဆီ ၁ ပိဿာ ၄၃၀၀ ကျပ်နှုန်း၊ ဆန် တစ်ပြည်လျှင် ၂၅၀၀ကျပ်နှုန်း ဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သည်။
အဆိုပါ အများပြည်သူများသို့ အခြေခံ စားသောက်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအား ဟင်္သာတခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်း၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်အောင်နှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ လာရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)