လှိုင်းဘွဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

လှိုင်းဘွဲ    အောက်တိုဘာ  ၁၁

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် နယ်စပ်ဒေသနှင့်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတား လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ဒေသအသီးသီးတွင် ဒေသဖွံ့ဖြိုးရေးအတွက် လမ်း/တံတားများ တည်ဆောက် ခြင်း၊ ရေတွင်း/ရေကန်များ တူးဖော်ပေးခြင်း၊ လျှပ်စစ်မီးအခက်အခဲရှိသည့် ကျေးရွာများတွင် ဆိုလာပါဝါ စနစ် ထောက်ပံ့ပေးခြင်း၊ တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် (၂၈၇ ဒဿမ ၀၈၁)သန်းဖြင့် လှိုင်းဘွဲ-ရှမ်းရွာသစ် သွားကတ္တရာ လမ်းမှ ကြာအင်းကျေးရွာ အထိ ကတ္တရာခင်းခြင်းလုပ်ငန်း(၇)ဖာလုံ၊ ကမော့လဲ-ကြာအင်းလမ်း ကတ္တရာထပ် ပိုးလွှာ(၁)မိုင်(၄)ဖာလုံတို့အား အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်သည်။

အဆိုပါလုပ်ငန်းပြီးစီးမှုကြောင့်လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများအနေဖြင့် ရာသီမရွေး လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် ဒေသစီးပွားရေး၊လူမှုရေး၊ ကျန်းမာရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်လာပြီး မြို့ပြနှင့်ကျေးလက်လူမှုဆက်ဆံရေးအားကောင်းစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)