လှိုင်းဘွဲ အောက်တိုဘာ ၁၁
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲလက်မှတ်ထည့်မည့်ပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ် ခြင်းကို ယမန်နေ့ နေ့လည်(၂)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ညွန့်က ကြိုတင်မဲပေးခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ ဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံရေးပါတီများအနေဖြင့် လိုက်နာရမည့် စည်းကမ်းများ၊ ကြိုတင်ဆန္ဒမဲပုံး လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးခင်မောင်ဝင်းက ကြိုတင်ဆန္ဒမဲပုံးကို လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်း အဆင့်ဆင့်ကို အသေးစိတ် ဆောင်ရွက်ခဲ့ သည်။
ထို့နောက် တက်ရောက်လာသော ပါတီကိုယ်စားလှယ်များက ရွေးကောက်ပွဲနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များကို မေးမြန်းရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ သည်။
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲရုံပေါင်း(၁၇၆)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၂၃၆၆၀၀)ဦးရှိပြီး အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက် ရှိနေသည့် နိုင်ငံခြားရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၆၇၅)ဦး၊ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော် သား နှင့်မိသားစုဝင် (၂၃၄၉)ဦးနှင့် ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ(၈)ဦး စုစုပေါင်းကြိုတင် မဲပေးပိုင်ခွင့်ရှိသူ (၂၀၃၂)ဦးရှိကြောင်း မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)