သရက်ချောင်း ဇွန် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာအုပ်စု၊ မဲနယ်အိုကျေးရွာ ကွင်းအမှတ် (၃၅၅)၊ ဦးပိုင် (၃၃/၂)ရှိ တောင်သူ ဦးလှဖြူ၏ မိုးစပါးဆင်းသုခ(၃) ဧကအား မိုးစပါးကြဲခင်းအစား တိုက်ရိုက်အစေ့ချ (Seeder) စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က တောင်သူပညာပေးစံပြကွက်ဖြင့် စိုက်ပျိုးပြသခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံ တောင်သူများအတွက် လယ်ယာလုပ်သားရှားပါးချိန်နှင့် ကောက်စိုက်စရိတ် ကြီးမြင့်သည့် အခက်အခဲများကို ကျော်လွှားနိုင်၍ ကုန်ကျစရိတ် သက်သာပြီး အချိန်တိုအတွင်း ပြီးစီးနိုင်သော စိုက်ပျိုးစနစ်ဖြစ်ကြောင်း၊ ကြဲခင်းအစား တိုက်ရိုက်အစေ့ချ (Seeder) စိုက်နည်းစနစ်ကို အသုံးချခြင်းဖြင့် မျိုးစေ့နှုန်းထားလျှော့ချနိုင်ခြင်းကို ရည်ရွယ်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်အတွင်း မိုးစပါးတစ်ဧက အထွက်နှုန်း တိုးတက်ရေး၊ ဒေသဝမ်းစာဖူလုံရေးအတွက် ယခုနှစ် မိုးရာသီတွင် မိုးစပါး(၂၆၀၁၆)ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားပြီး စပါးထုတ်လုပ်မှု တိုးတက်မြင့်မားလာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ရာသီဥတု၊ ရေ၊ မြေ၊ ဒေသကိုက်ညီသော အထွက်ကောင်းမျိုးများနှင့် အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးခြင်း၊ သွင်းအားစုများ စနစ်တကျ အချိန်ကိုက် အချိုးကျထည့်သွင်းခြင်း၊ ခေတ်မီလယ်ယာသုံး စက်ကိရိယာများကို တိုးတက်သုံးစွဲလာစေရန် ပေါင်းစပ်ကူညီပေးခြင်း၊ တောင်သူများအား စိုက်ပျိုးနည်းစနစ်များဆိုင်ရာ နည်းပညာပေး သင်တန်းများ၊ ဆွေးနွေးပွဲများကို ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မှစ၍ မိုးစပါးကြဲခင်းအစား တိုက်ရိုက်အစေ့ချ (Seeder) စိုက်နည်းစနစ်ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာစေရန် တောင်သူပညာပေး စံပြကွက်များဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထံမှ သတင်းရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)