ပုလောမြို့နယ်၌ မိုးစပါး စိုက်ပျိုးသူ တောင်သူများအား ဒုတိယအကြိမ် မျိုးစပါး ထောက်ပံ့ပေးအပ်

ပုလော ဇွန် ၂၇

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ဒုတိယအကြိမ် မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက စိုက်ပျိုးရေး လုပ်ကိုင်သူ တောင်သူများအနေဖြင့် မျိုးမှန်ရွေးချယ်၍ နည်းမှန် လမ်းမှန်ဖြင့် စိုက်ပျိုးထုတ်လုပ်ပါက အရည်အသွေးကောင်းသော ပစ္စည်းများကို ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ကြောင်းကို အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးအေးဝင်းက မျိုးစပါး ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး၊ ပုလောမြို့နယ်၌ မိုးစပါး စိုက်ပျိုးသူ တောင်သူ ၄၆၉၃ ဦးရှိပြီး စိုက်ပျိုးဧက ၃၉၆၉၂ ဧကရှိကြောင်း၊ ယခင်အပတ်က အထွက်ကောင်းမျိုး ဆင်းသုခ မျိုးစပါးအိတ် ၃၀၀ ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ယခုအပတ်တွင် အရည်အသွေးကောင်း မှောဘီ(၃) မျိုးစပါး အိတ် ၁၀၀ ကို ထပ်မံထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ဆက်လက်၍ မျိုးစပါး စိုက်ပျိုးသူ တောင်သူများ (၄၀) ဦးအား အရည်အသွေးကောင်း မှော်ာဘီ(၃) မျိုးစပါး အိတ် ၁၀၀ ကို ပုလောမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)