ပေါက် အောက်တိုဘာ ၁၁
ကျေးလက်နေပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(WSAP) ခွင့်ပြုရန်ပုံငွေဖြင့် ပေါက်မြိုနယ် ထန်းတောကုန်းကျေးရွာ၊ ငမို့ကြီးကျေးရွာနှင့် ငမို့လေးကျေးရွာတို့၌ ကျေးလက် ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(WSAP) ခွင့်ပြုရန်ပုံငွေကျပ် ၈၁ ဒသမ ၀၆သန်းဖြင့် ထန်းတောကုန်းကျေးရွာ ကုန်ထုတ်လမ်း အရှည် ၂ ဒသမ ၃၅ ဖာလုံ၊ ငမို့ကြီးကျေးရွာ ကုန်ထုတ်လမ်းအရှည် ၄ ဒသမ ၆၅ ဖာလုံ၊ ငမို့လေးကျေးရွာ ကုန်ထုတ်လမ်း အရှည် ၄ ဒသမ ၄၆ ဖာလုံရှိ ကျေးလက် ကုန်ထုတ်လမ်းများအား အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ တစ်ပေခြောက်လက္မထု၊ မြေနီကျောက်စရစ် ကိုးလက္မထုခင်းခြင်းကို စက်တင်ဘာလကုန်အတွင်း လုပ်ငန်းအားလုံး ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု နှင့်ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးအောင်၊ ပခုက္ကူခရိုင် ကျေးလက်ဦးစီးမှူး ဦးတင့်ဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးသန့်က လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနဲ့ ပတ်သက်၍ ရှင်းပြခဲ့ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)