ငဖဲ ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် အသီးသီးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စို၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းမှ ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ကျောင်းသား/သူများ ပူးပေါင်းကာ မိုးဦးကျရာသီ ရောက်ရှိလာပြီဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ငှက်ဖျားရောဂါ ကင်းဝေးစေရန်အတွက် ကျောင်းပတ်ဝန်းကျင်တွင် ခြင်များခိုအောင်း နေထိုင်ပေါက် ဖွားမှုမဖြစ်ပေါ်စေရေး ရေအိုး၊ ရေစည်၊ ရေပုံး၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေသိုလှောင်ကန်များကို အဖုံးအုပ်ခြင်းနှင့် ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ငဖဲမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)