ဘားအံ ဇွန် ၂၇
ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးနိုင်ရန်နှင့် ပို့ကုန်ရရှိစေရန် ရည်ရွယ်၍ MSME များ အားပေးမြှင့်တင်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် ကရင်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ MSMEs ထုတ်ကုန်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက MSMEs လုပ်ငန်းများရေရှည်တည်တံ့စေရေး ဈေးကွက်ရရှိရန် အရေးကြီးပြီး ယခုကဲ့သို့ထုတ်ကုန်ပြပွဲများတွင် ပါဝင်ပြသခြင်းဖြင့် MSME ထုတ်ကုန်များဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခြင်း၊ ဈေးကွက်ရရှိစေရေးအတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းရှင်အချင်းချင်းချိတ် ဆက်ဆောင်ရွက်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများစွာကို ရရှိစေမည်ဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရာတွင် ကုန်ကြမ်းများ၊ သွင်းအားစုများ၊ လုပ်အားနှင့် အရင်းအနှီးများလိုအပ်ပြီး ကုန်ကြမ်းများကို အသုံးပြုရာတွင် နိုင်ငံခြားကုန်ကြမ်းများကို ဦးစားပေးမစဉ်းစားဘဲ ပြည်တွင်းကုန်ကြမ်းများကိုသာ အသုံးပြုကြစေလိုကာ သွင်းကုန်အစားထိုး ပြုလုပ်နိုင်ရန်နှင့်ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်နိုင်ဖို့လိုကြောင်း၊ တက်ရောက်လာ သည့်လုပ်ငန်းရှင်များအနေဖြင့်လည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ပြီး မိမိတို့လုပ်ငန်းများကို ယခုထက်ပိုမို တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စားသောက်ကုန်ထုတ်လုပ်မှုထူးချွန်ဆု၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုထူးချွန်ဆု၊ စိုက်ပျိုးရေး ထုတ်ကုန်ထူးချွန်ဆု၊ မွေးမြူရေးထုတ်ကုန်ထူးချွန်ဆု၊ သစ်တောထွက်ပစ္စည်းထုတ်လုပ်မှု ထူးချွန်ဆု၊ ဝါးလက်မှုပစ္စည်းထုတ်လုပ်မှုထူးချွန်ဆု၊ ဝန်ဆောင်မှုလုပ်ငန်းထူးချွန်ဆု ရရှိသူများအား ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ MSMEs အေဂျင်စီဝင်များ၊ ထူးချွန်ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော စားသောက်ကုန်လုပ်ငန်း၊ ပိုးထည်နှင့်အဝတ်အထည်လုပ်ငန်း၊ အလှကုန်လုပ်ငန်း၊ ကျောက်မြတ်နှင့်သတ္တုတွင်းထွက် လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်း၊ ဝါးလက်မှုလုပ်ငန်း၊ ဘိလပ်မြေနှင့်အင်္ဂတေလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်လုပ်ငန်း အစရှိသည့် ဒေသတွင်း MSMEs ထုတ်ကုန်ပြခန်း ၃၅ ခန်းအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ MSMEs ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Talk Show စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ Moderator အဖြစ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေးကဆောင်ရွက်ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများ၊ ပထမပုဂ္ဂလိကဘဏ်လိမိတက်မှ ဒုတိယအထွေထွေမန်နေဂျာနှင့် အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးတို့က MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ၊ အရင်းအနှီးနှင့်ဈေးကွက်ရရှိရေး၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမြှုပ်နှံမှု ဥပဒေမှ ရရှိနိုင်သော ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ၊ လယ်ယာကဏ္ဍထုတ်လုပ်မှုနှင့် အဓိကသီးနှံ(၁၀)မျိုးစိုက်ပျိုးနေမှုနှင့် လယ်ယာ ထွက်ကုန်အခြေခံစက်မှုလုပ်ငန်းများ၊ MSMEs လုပ်ငန်းများအတွက် အခွန်ကင်းလွတ်ခွင့်၊ လုပ်ငန်းရှင်များ သတိပြုရမည့် ကုန်အညွှန်း အမှတ်အသားများ၊ MSMEs ချေးငွေနှင့် ဘဏ်မှလက်ခံနိုင်သောအာမခံပစ္စည်းများ၊ MSMEs လုပ်ငန်းများတွေ့ကြုံရနိုင်သည့်အခက်အခဲနှင့် ကျော်လွှားနိုင်မည့်အခြေအနေတို့ကို ဦးဆောင် ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့တက်ရောက်လာသူများက သိရှိလိုသည်များနှင့် မရှင်းလင်းသည်များအား မေးမြန်းကြရာ အပြန်အလှန်မွေးခွန်းများမေးမြန်းဖြေကြား၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)