ရေနံချောင်း ဇွန် ၂၇
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသုံးဆီဖူလုံ ပိုလျှံစေရန် ရည်ရွယ်၍ ယခုနှစ်မိုးရာသီတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့် နှမ်းဧက ၇၀၀၀၀ ကျော်ကို လျာထား စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရေနံချောင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေနဲ့ မြေပဲနှင့် နှမ်းကို အဓိအားထားစိုက်ပျိုးကြ သည့်အပြင် ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပြောင်းဖူး စသည့်အခြားသီးနှံများကိုလည်း စိုက်ပျိုးကြပြီး မေလဒုတိယအပတ်က စတင်ကာ မိုးရွာသွန်းမှုအပေါ်မူတည်၍ မြေပဲနှင့် နှမ်းများကို စိုက်ပျိုးလျက်ရှိပြီး ယခုအခါ စိုက်ပျိုးထားသည့် သီးနှံပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“လက်ရှိ မိုးဦးကာလကစိုက်ပျိုးခဲ့တဲ့ နှမ်းပင်တွေက အပွင့်တွေကပ်နေပါပြီ။ မြေပဲပင်တွေကလည်း အပွင့်တွေပွင့်နေပြီး အထွက်နှုန်းကောင်းဖို့နဲ့ ဈေးကောင်းရဖို့ မျှော်လင့်ပါတယ်”ဟု စိန်ပန်းပင်ကျေးရွာ ဒေသခံ တောင်သူတစ်ဦးက ပြောသည်။ ရေနံချောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံ မြေပဲ ၅၂၃၂၆ ဧကနှင့် နှမ်း ၂၂၃၆၄ ဧက စုစုပေါင်း ၇၄၆၉၀ ဧကလျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။