ကြို့ပင်ကောက် အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာဖြစ်သည့် Case 12124 မှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် (၉)နာရီက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာဖြစ်သည့် Case 12124 သည် မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တွင်သီးသန့် ထားရှိပြီး စောင့်ကြည့် ကုသပေးခဲ့ရာ သတ်မှတ်ကာလပြည့်မြောက်သည့်အချိန်ထိ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာန ကိုဗစ်-၁၉ ကုသရေး ကော်မတီ ၏ခွင့်ပြုချက်ဖြင့် ဆေးရုံမှဆင်းခွင့်ပြုခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးမြင့်အောင်က ပြောသည်။
ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရရှိသူအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးမြင့်အောင်မှ ရောဂါ ပျောက်ကင်းကြောင်းလက်မှတ်ပေးအပ်ခဲ့ပြီး Stay Home နေရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်နာရေးကူညီမှုအသင်းမှ ကားဖြင့် အိမ်တိုင် ယာရောက် လိုက်လံပို့ဆောင်ပေးခဲ့သည်။
ကြို့ပင်ကောက်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၇)ဦးရှိခဲ့ရာ ယခုဆေးရုံမှ ရောဂါပိုးကင်စင်ပြီး ဆင်းခွင့် ရရှိသူမှာ ဒုတိယမြောက်ဖြစ်၍ မြို့နယ်ပြည်သူ့ဆေးရုံသံဃာဆောင်တွင် ဆေးကုသမှုခံယူနေသော အတည်ပြုလူနာ (၅)ဦးကျန်ရှိနေကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)