ယင်းမာပင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

ယင်းမာပင် ဇွန် ၂၇

ယင်းမာပင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ဇွန်လ ၂၆ ရက်နေ့ ၊ နံနက် ၉ နာရီအချိန် က အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုမြို့နယ်ပညာရေးမှူး ဦးဝင်းဗိုလ်က မူးယစ်ဆေးဝါးကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ ဘက်ပေါင်းစုံက ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်လာပြီး အဆုံးသတ်မှာ လူရာမဝင်၊ လူစဉ်မမီတဲ့မျိုးဆက်များ၊ လူ့အဖွဲ့အစည်းများဖြစ်လာကာ တစ်နိုင်ငံလုံး၊ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးရတဲ့အခြေအနေ ကို ဆိုက်ရောက်လာနိုင်သည့်အတွက် မူးယစ်ဆေးဝါးကို အားလုံး၏ ဘုံရန်သူအဖြစသတ်မှတ်ပြီး တိုက်ဖျက်ကြရမည်ဖြစ်ကြောင်း၊  ယနေ့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပလာခဲ့သည်မှာ (၃၆) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်းပြောကြားခဲ့ပြီး အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်အေးက ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများအား ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယင်းမာပင်မြို့ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်းခွဲနှင့် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲတို့မှ ကျောင်းသား/ကျောင်းသူ (၆၈) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)